ဗီယက်နမ်နိုင်ငံမှ ထွက်ခွာပြီး ဂျပန်နိုင်ငံတွင် အသစ်စတင် အသက်တာတစ်ခု စတင်သည့်အခါ ဘာသာစကား၊ ယဉ်ကျေးမှု၊ ထုံးစံများနှင့် ပတ်ဝန်းကျင်ရှိ လူများ၏ အပြောင်းအလဲများကြောင့် စိတ်ပိုင်းဆိုင်ရာနှင့် ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုများကို များစွာ ခံစားနိုင်သည်။
သင့်၏ ဂျပန်ဘာသာ အဆင့်အတန်း မကောင်းသေးပါက သို့မဟုတ် မိသားစုနှင့် သူငယ်ချင်းများကို ထားရပြီး မိမိကိုယ်ကို တိုင်းတနေရာတွင် တစ်ယောက်တည်း ဖြစ်မိပါက၊ သို့မဟုတ် အလုပ်အကိုင်ကို အလွန်ခက်ခဲသည်ဟု အမြဲတမ်း ခံစားရပါက စိတ်ဓာတ်ကျဆင်းပြီး ရောဂါအလွယ်တကူ ထိခိုက်နိုင်ပါသည်။
မည်သူမဆို စိတ်ကျန်းမာရေးနှင့် ပတ်သက်သည့် ပြဿနာများကို ခံစားရနိုင်သည်။ ကိုယ်ခံရောဂါကဲ့သို့ပင် သင်၏ စိတ်ကျန်းမာရေးတွင် “မမှန်မကန်ခြင်း” များ ခံစားမိပါက အမြန်ဆုံး ကျွမ်းကျင်သူများ၏ အကြံဉာဏ်ကို ရယူပါ။
ဤအခန်း (၅) တွင် သင့်ကိုယ်ပိုင် စိတ်နှင့် ကိုယ်ခန္ဓာ ကျန်းမာရေးကို ထိန်းသိမ်းရန် လိုအပ်သည့် အချက်များ၊ ကြုံတွေ့နိုင်သည့် လက္ခဏာများနှင့် စိတ်ကျန်းမာရေး ပြဿနာများ ဖြစ်ပါက အကြံဉာဏ် ရနိုင်သည့် နေရာများအကြောင်း အချက်အလက်များကို ပံ့ပိုးပေးမည်ဖြစ်ပါသည်။

5. 1. ဂျပန်နိုင်ငံ၏ နေထိုင်စားသောက်မှုတွင် ကျင့်သားရရန် ခက်ခဲနေပါသည်။ လုပ်ငန်းခွင်အတွင်းမှ လူများနှင့် လိုက်လျောညီထွေစွာ မနေနိုင်သဖြင့် နေ့စဥ်စိုးရိမ်ပူပန်ကြောင့်ကြရပါသည်။ ဘာ့ကြောင့်ပါလဲ။

• ယခုအချိန်ထိ နေထိုင်ခဲ့တဲ့နေရာကနေ ထွက်ခွာပြီး နေရာအသစ်မှာအခြေချရတဲ့အခါ ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေနဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ လူများ ပြောင်းလဲသွားမှုကြောင့် စိတ်နဲ့ကိုယ်ခန္ဓာ ပင်ပန်းနွမ်းနယ်ရန် ပိုမိုလွယ်ကူလာပါသည်။ ဤအရာကို Culture Shock ဟု ခေါ်ပြီး မည်သူမဆိုခံစားရနိုင်ပါသည်။

• ဂျပန်စကားကို ချောမွေ့စွာမပြောနိုင်ခြင်း၊ မိသားစုအပါအဝင် မိတ်ဆွေများနှင့်ကွဲကွာ အထီးကျန်နေသည်ဟု ခံစားရခြင်း၊ အလုပ်တွင် အခက်အခဲများ ရှိနေသည်ဟု ခံစားရခြင်းများ ဆက်တိုက်ရှိနေပါက စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်ပြီး ရောဂါများ ရလာနိုင်ပါသည်။

• မိမိနိုင်ငံမှ ထွက်လာသူအချင်းချင်း အဆင်မပြေမှုများ၊ ခံစားချက်များကို ဝေမျှကြည့်ကြပါစို့။ အလုပ်ခွင်မှ လုပ်ဖော်ကိုင်ဖက်များ၊ ဂျပန်လူမျိုးများနှင့် မိတ်ဆွေဖွဲ့ခြင်း၊ ဂျပန်ယဉ်ကျေးမှုဖြင့် ထိတွေ့ပါဝင်ခြင်းများသည် ဂျပန်နိုင်ငံ၏ နေထိုင်စားသောက်မှုအပေါ် ကျင့်သားရလာရန် လမ်းစတစ်ခု ဖြစ်လာနိုင်ပါသည်။

5. 2. စိတ်နဲ့ ကိုယ်ခန္ဓာများ ပင်ပန်းလာလျှင် မည်ကဲ့သို့သော လက္ခဏာများ ခံစားရပါသနည်း။

စိတ်နှင့်ခန္ဓာကိုယ် ပင်ပန်းလာသည့်အခါ စိတ်ဖိစီးမှုအပေါ်တုံ့ပြန်သည့် အောက်ပါလက္ခဏာများ ဖြစ်ပေါ်လာတတ်ပါသည်။
ကိုယ်ခန္ဓာနှင့်ဆိုင်သောလက္ခဏာများ- ခေါင်းကိုက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းပျက်ဝမ်းလျှောခြင်း၊ အိပ်မပျော်ခြင်း
စိတ်ပိုင်းဆိုင်ရာလက္ခဏာများ- စိတ်ဓာတ်ကျခြင်း၊ လုပ်ချင်ကိုင်စိတ် မရှိခြင်း၊ စိတ်တိုလွယ်ခြင်း
ဖြစ်လာနိုင်သောအပြုအမူများ – အစား အလွန်အကျွံစားခြင်း၊ အရက်သေစာ အလွန်အကျွံသောက်ခြင်း၊ ဈေးအလွန်အကျွံ၀ယ်ခြင်း၊ အလုပ်ကိုနောက်ကျခြင်း
အတွေးများ – မကောင်းတဲ့အရာများသာ စဉ်းစားတတ်လာခြင်း၊ မိမိပတ်ဝန်းကျင်မှသူများကို ရန်သူအဖြစ် ရှုမြင်ခြင်း၊ မတရားနှောင့်ယှက်ခံနေရသည်ဟု ခံစားလာရခြင်း။
ဤကဲ့သို့ အခြေအနေများ ဆက်လက်ဖြစ်ပေါ်နေပါက ရောဂါများ စွဲကပ်လာနိုင်သည်။ အထက်တွင်ဖော်ပြထားသော စိတ်ဖိစီးမှုတုံ့ပြန်မှုလက္ခဏာများကို စောစီးစွာ သတိပြုမိပြီး၊ ကိုယ်ခန္ဓာကိုအနားယူခြင်း၊ ကောင်းစွာအိပ်ခြင်းနှင့် တစ်ဦးတစ်ယောက်နှင့် တိုင်ပင်ဆွေးနွေးခြင်းများ ပြုလုပ်ခြင်းဖြင့် ရောဂါဖြစ်နိုင်ခြေများကို လျော့နည်းစေနိုင်ပါသည်။

5. 3. စိတ်ဖိစီးမှုလက္ခဏာများ ကြုံတွေ့လာခဲ့လျှင် ဘာလုပ်သင့်ပါသလဲ။

ပြင်းထန်သော ရောဂါလက္ခဏာများကို ဆေးဝါးများဖြင့် သက်သာစေနိုင်သည်။ ဥပမာ၊ ကောင်းစွာအိပ်မပျော်၍ ပင်ပန်းနေခြင်းကြောင့် လုပ်ငန်းခွင်အတွင်း ငိုက်မြည်းနေတတ်ပါက၊ အိပ်စက်မှုကို အထောက်အကူပြုသောဆေးများ အသုံးပြုခြင်းဖြင့် ကိုယ်စိတ်နှလုံးကြည်လင်လန်းဆန်းပြီး အာရုံစူးစိုက်နိုင်မှုလည်း တိုးတက်လာနိုင်ပါသည်၊
အရင်ဆုံး စိတ်ပိုင်းဆိုင်ရာကုသဌာန သို့မဟုတ် စိတ်ရောဂါကုဆရာဝန်တွင် တိုင်ပင်ပြသကြပါစို့ (➡ ၅-၈ ကိုကြည့်ပါ)။

5. 4. စိတ်ဓာတ်ကျခြင်း၊ လုပ်ချင်ကိုင်ချင်စိတ် မရှိခြင်း၊ နံနက်ခင်းတွင် မထနိုင်ခြင်း၊ အိပ်မပျော်ခြင်း၊ ခံတွင်းပျက်ခြင်း စသည့်လက္ခဏာများ ဆက်တိုက်ဖြစ်ပွားနေပါသည်။ ဘယ်လို လုပ်ရင်ကောင်းမလဲ?

• သင်သည် သင့်ခံစားချက်နှင့် အပြုအမူများကို မထိန်းချုပ်နိုင်တော့ခြင်းဖြစ်သဖြင့် စိတ်ဓာတ်ကျရောဂါ ဖြစ်နေခြင်း ဖြစ်နိုင်ပါသည်။ အရင်ဆုံး စိတ်ပိုင်းဆိုင်ရာကုသဌာန သို့မဟုတ် စိတ်ရောဂါကုဆရာဝန်တွင် တိုင်ပင်ပြသကြပါစို့ (➡ ၅-၈ ကိုကြည့်ပါ)။

• စိတ်ဓာတ်ကျရောဂါဖြစ်ချိန်တွင် ခန္ဓာကိုယ်ရောဂါလက္ခဏာများ၊ ဥပမာ ခေါင်းကိုက်ခြင်း၊ အန်ချင်စိတ်ဖြစ်လောက်အောင် မအီမသာဖြစ်ခြင်း၊ ရင်ဘတ်အောင့် ခြင်း၊ ခြေလက်များထုံကျဥ်ခြင်း စသည်တို့လည်းဖြစ်နိုင်ပါသည်။ ဆေးသောက်ပြီး ကောင်းစွာအနားယူရန် လိုအပ်ပါသည်။

5. 5. မိမိကိုယ်ကို သတ်သေချင်စိတ် ဖြစ်ပါသည်။ မည်ကဲ့သို့ ပြုလုပ်သင့်ပါသနည်း?

• မိမိကိုယ်ကို သတ်သေချင်စိတ်သည် စိတ်ကျဝေဒနာ (ရောဂါ) ခံစားရသည့်အခါ ဖြစ်လွယ်ပါသည်။ ပထမဦးစွာထိုခံစားချက်များနှင့်ပတ်သက်၍ ယုံကြည်ရသူတစ်ဦးဦးအားပြောပြပြီး စိတ်ပိုင်းဆိုင်ရာကုသဌာန သို့မဟုတ် စိတ်ရောဂါကုဆရာဝန်တွင် အတူသွား၍ ပြသကြပါစို့။ (➡ ၅-၈ ကိုကြည့်ပါ)။ .

• Iသတ်သေချင်စိတ်သည် ပြင်းပြင်းထန်ထန်ဖြစ်နေပါကဆေးရုံတက်ရသည်များလည်းရှိပါသည်။ တိုင်ပင်လို့ရသည့်သူ အနီးအနားတွင် မရှိပါက [ဆွေးနွေးတိုင်ပင်နိုင်သော ဌာနစာရင်း] ရှိ ဆက်သွယ်ရန်ကောင်တာမှတဆင့် အင်္ဂလိပ်ဘာသာဖြင့် တိုင်ပင်ကြည့်ကြပါစို့။

5. 6. ၅-၆။ ရုတ်တရက် ပတ်ဝန်းကျင်မှာရှိတဲ့ လူများအား ကြောက်လာပြီး၊ မိမိ ၏မကောင်းကြောင်း ပြောနေကြသကဲ့သို့ ခံစားရပါသည်။ အသံတွေကိုလည်း အမှန်တကယ် ကြားနေရပါသည်။ မည်ကဲ့သို့ ပြုလုပ်သင့်ပါသနည်း?

• တစ်စုံတစ်ယောက်က အတင်းအဖျင်း ပြောနေသည်ဟု ခံစားနေရလျှင် “ မိမိအား အကောင်းမမြင် ခံစားမှုဝေဒနာ” ၊
ပတ်ဝန်းကျင်တွင် မည်သူမျှမရှိသော်လည်း စကားပြောသံနှင့် ထူးဆန်းတဲ့အသံများ ကြားရပါက “ ထင်ယောင်ထင်မှား ခံစားမှုဝေဒနာ” ဆိုသော ရောဂါလက္ခဏာများ ဖြစ်နိုင်ပါသည်။ ကိုယ်စိတ်ပင်ပန်းနေသည့်အခါ ဖြစ်တတ်သည့် လက္ခဏာများဖြစ်သည်။

• ထိုသို့ရောဂါလက္ခဏာများ ထပ်ခါတလဲလဲ ဖြစ်နေပါက စိတ်ရောဂါ စွဲကပ်နေခြင်း ဖြစ်နိုင်ပါသည်။ စိတ်ပိုင်းဆိုင်ရာကုသဌာန သို့မဟုတ် စိတ်ရောဂါကုဆရာဝန်တွင် တိုင်ပင်ပြသကြပါစို့ (➡ ၅-၈ ကိုကြည့်ပါ)။

5. 7. လုပ်ကိုင်ပြောဆိုပုံများက ယခင်နှင့် မတူဘဲ၊ ပြောင်းလဲနေ၍ စိတ်ပူရတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက် ရှိပါသည်။ စိတ်ရောဂါကုဌာနတွင် ပြသဆေးစစ်ကြည့်ရန် အကြံပြုခဲ့သော်လည်း မလုပ်ချင်ဘူးလို့ ပြောပါသည်။ မည်ကဲ့သို့ ပြုလုပ်သင့်ပါသနည်း?

• အရင်ဆုံး အလုပ်မှ တိုင်ပင်ရန်ကောင်တာ၏ တာဝန်ခံ သို့မဟုတ် နီးစပ်ရာ ယုံကြည်စိတ်ချရသူ ရှိပါက အကူအညီ တောင်းကြည့်ကြပါစို့။ ဂျပန်ဘာသာ တတ်ကျွမ်းသူအား အနီးဆုံး ဆွေးနွေးတိုင်ပင်သော ကောင်တာကို ရှာဖွေကြည့်ရှုစေပါ။
* ညပိုင်းနှင့် ပိတ်ရက် အရေးပေါ် စိတ်ရောဂါ ဆေးရုံဆေးခန်း ညွှန်ကြားရေးကောင်တာ (ဂျပန်ဘာသာ)

• သေကြောင်းကြံခြင်းနှင့် ဆက်စပ်နိုင်သော အပြုအမူပြုခြင်း၊ အလွန်အကျွံစိတ်လှုပ်ရှားနေခြင်း၊ ပစ္စည်းများကို ဖျက်စီးခြင်း၊ သူတပါးအား ထိခိုက်ဒဏ်ရာရစေခြင်းတို့ ရှိပါက ရဲဌာနကို ဖုန်းဆက်ကြပါစို့။

• စိတ်ပိုင်းဆိုင်ရာကုသဌာန သို့မဟုတ် စိတ်ရောဂါကုဆရာဝန်တွင် တိုင်ပင်ပြသကြပါစို့ (➡ ၅-၈ ကိုကြည့်ပါ)။

နောက်ထပ်အချက်အလက်များ

သင့်စိတ်ခံစားချက်သည် ယခုဘယ်လိုအခြေအနေ ဖြစ်နေပါသနည်း?

အောက်ပါမေးခွန်း ၁၅ ခုကို ဖြေကြည့်ကြပါစို့။ အောက်ပါမေးခွန်းများထဲမှ ဘယ်နှခု ကိုက်ညီနေပါသလဲ။ 

မှန်ပါသည်

1 အိပ်ချင်သော်လည်း အိပ်မပျော်ခြင်း၊ အိပ်ပျော်သော်လည်း ချက်ခြင်းနိုးလာခြင်း၊ အချိန်ကြာမြင့်စွာ အိပ်သော်လည်း အိပ်ရေးမဝ၊ ပင်ပန်းနွမ်းနယ်ခြင်း ဖြစ်ပါသလား?
2 စိတ်မကြည်လင်ခြင်း၊ စိတ်ဓါတ်ကျဆင်းခြင်း၊ မျှော်လင့်ချက်ကင်းမဲ့ခြင်းပြီး အရာရာကို လက်လျှော့စွန့်လွှတ်လိုက်လိုစိတ်များရှိပါသလား?
3 အကြောင်းအရင်းမရှိဘဲ မောပန်းခြင်း၊ လုပ်ချင်ကိုင်ချင်စိတ်မရှိခြင်းများ ခံစားရသလား?
4 မည်သည့်အစားအစာကိုမှ မစားသောက်လိုခြင်း၊ စစားမိပါက မရပ်နိုင်ခြင်း၊ အရက်သေစာ အသောက်လွန်ခြင်းများရှိပါသလား?
5 ခေါင်းကိုက်ခြင်း၊ အန်ချင်ခြင်း၊ မူးမေ့ခြင်းတို့ ဖြစ်ပါသလား?
6 တော်ရုံနှင့် အာရုံမစူးစိုက်နိုင်ဘဲ၊ မိမိရှေ့ရှိ အလုပ်အပေါ် စိတ်မနှစ်နိုင်ခြင်း၊ သတိထားမိလျှင် တခြားအရာတစ်ခုခုကို တွေးတောစဉ်းစားနေခြင်းများရှိပါသလား?
7 စိတ်လှုပ်ရှားနေခြင်း၊ စိတ်တိုလွယ်ခြင်းများ ဖြစ်ပါသလား?
8 လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင်မှလူတွေနှင့် ဝေးကွာနေပြီး မိမိတစ်ယောက်တည်း ရပ်နေတယ်၊ အပေါင်းအသင်း၊ အကူအညီမရှိဘဲ တစ်ယောက်တည်းအထီးကျန်နေတယ်လို့ ခံစားရပါသလား?
9 စိတ်လှုပ်ရှားခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ အမြဲစိုးရိမ်ထိတ်လန့်ခြင်းများဖြစ်ခြင်း၊ ကိုယ့်ဘာသာကို ပြဿနာများ ဖန်တီးနေမိခြင်းများ ရှိပါသလား?
10 ရင်တစ်ဒိတ်ဒိတ် ခုန်ခြင်း၊ အသက်ရှုခက်ခဲခြင်းများ ဖြစ်ပါသလား?
11 သေချင်တယ်လို့ စဥ်းစားမိခြင်း ဒါမှမဟုတ် သတ်သေဖို့ စဥ်းစားမိခြင်း ရှိပါသလား?
12 “ ငါက အသုံးမကျတဲ့လူပဲ” ၊ “ ငါ့မိသားစုကို စိတ်ပျက်အောင်လုပ်မိပြီ” လို့ ကိုယ့်ကိုယ်ကို အပြစ်တင်ဖူးသလား?
13 ယခင်နှင့်မတူဘဲ ပတ်ဝန်းကျင်ကို ကြောက်ရွံ့လာခြင်း၊ ပတ်ဝန်းကျင်မှ တစ်ခုခုလုပ်ခံရတော့မယ်လို့ ခံစားရခြင်းများရှိပါသလား?
14 အသံအနည်းငယ်ကြားရုံဖြင့် ထိတ်လန့်ခြင်း၊
တစ်နေရာရာမှ အသံများကြားနေရခြင်းများ ရှိပါသလား။
15 ယခင်ကထက် အကြောင်းအရင်းမရှိဘဲ တက်ကြွလာပြီး စကားများလာခြင်း၊ ယခင်ကထပ်ပိုပြီးစျေးဝယ်ခြင်းများ ရှိပါသလား။

“ မှန်ပါသည်” အဖြေ အရေအတွက် …..     /15

နောက်ထပ်အချက်အလက်များ

“ မှန်ပါသည်” အဖြေက တစ်ခုပင်ရှိပါက…. ကိုယ်စိတ်ပင်ပန်းနွမ်းနယ်မှုများ စတင်နေပါပြီ။ အောက်ပါနည်းလမ်းများကို အမျိုးမျိုး စမ်းကြည့်ကြပါစို့။ စိတ်နှလုံးလန်းဆန်းလာပြီး၊ ကောင်းစွာအိပ်စက်နိုင်၍ ကိုယ်စိတ်နှလုံး ကျန်းမာလာပါလိမ့်မည်။

• အလုပ်တွင် ခဏနားတဲ့အချိန်မှာ ပေါ့ပါးစွာ အကြောလျှော့ကြည့်ပါ။

• မိမိအတွက် သက်တောင့်သက်သာရှိနိုင်သော ပမာဏလောက် လေ့ကျင့်ခန်း လုပ်ကြည့်ကြပါစို့။

တိုင်းပြည်တစ်ခုတည်းမှ အတူတူလာသောသူများ၊ စိတ်တူကိုယ်တူလွတ်လွတ်လပ်လပ် အေးဆေးစွာ ပြောဆို နိုင်သူများအား မိမိရဲ့လက်ရှိ စိတ်ခံစားချက်တွေကို ပြောပြပါ။

• အင်တာနက်မှတဆင့် သင့်တိုင်းပြည်မှ မိသားစု၊ မိတ်ဆွေများနှင့် စကားပြောခြင်းသည်လည်း ကောင်းပါသည်။

• ကြိုက်နှစ်သက်သောတေးဂီတကို နားထောင်ခြင်း၊ နှစ်သက်သောစာအုပ်ကို ဖတ်ခြင်းများ လုပ်ကြည့်ကြပါစို့။

• သဘာဝ အလှတရားများ ရှိသည့်နေရာသို့ အလည်သွားကြည့်ကြပါစို့။

နွေဦး၊ နွေ၊ ဆောင်းဦးနှင့် ဆောင်းရာသီတို့တွင် သဘာဝပတ်ဝန်းကျင် ပြောင်းလဲသွားပုံများကို ခံစားကြည့်ကြပါစို့။

• ညစာကို အိပ်ရာမဝင်မီ အနည်းဆုံး နှစ်နာရီမတိုင်မီ အပြီးစားကြပါစို့။

• စမတ်ဖုန်းကို အိပ်ရာမဝင်မီ အနည်းဆုံး တစ်နာရီလောက်ကို နောက်ဆုံးထားပြီးသုံးပါ။

• အိပ်ရာမဝင်ခင် တစ်နာရီလောက်အထိ အေးအေးဆေးဆေး ရေနွေးစိမ်ကြည့်ပါ။

• မနက်တွင် တတ်နိုင်သလောက် ပုံမှန်အချိန်တွင် ထပါ။ မနက် အိပ်ယာထလျှင် အရင်ဆုံး ကန့်လန့်ကာနှင့် ပြတင်းပေါက်များကို ဖွင့်ကြပါစို့။ အခန်းက မှောင်နေပါက အခန်းမီးကို ဖွင့်ပါ။ တတ်နိုင်ပါက အပြင်ထွက်ပြီး နေရောင်ခြည်ခံပါ။

• အရက်သောက်ပါက နှစ်နှစ်ချိုက်ချိုက် အိပ်မပျော်နိုင်ပဲ ပိုမို ပင်ပန်းနွမ်းနယ်စေပါသည်။ အရက်နှင့် ဆေးလိပ်ကို အားကိုးခြင်းကို တတ်နိုင်သမျှ ရှောင်ပါ။

ကိုးကား– “ စိတ်ကျန်းမာရေး သတိပေးအကြံပြုချက်များ” ကို ပြောင်းလဲတင်ပြပါသည်။

အကယ်၍ ဤအချက်များကို စမ်းသပ်ပြုလုပ်ကြည့်သော် “ မှန်ပါသည်” ဆိုသော အချက်များ မလျော့နည်းသွားပါက စိတ်ကျန်းမာရေးကျွမ်းကျင်သူဖြင့် တိုင်ပင်ကြည့်ကြပါစို့။

၅-၈ ကို ကြည့်ပါ

“ မှန်ပါသည်” အဖြေက ၃ခုအထက် ရှိပါက…

သင့်စိတ်သည် အလွန်ပင်ပန်းနေပုံရသည်။

ဆေးရုံဆေးခန်းတွင် စိတ်ကျန်းမာရေးဆိုင်ရာ အထူးကု၊ တနည်းဆိုသော စိတ်ပိုင်းဆိုင်ရာကုသမှုဌာနနှင့် စိတ်ရောဂါကု ဆရာဝန်နှင့် ပြသသင့်ပေသည်။

သင့်ကို ဆေးပေးပါက သက်သာလာပါမည်။

5. 8. စိတ်ကျန်းမာရေး ကျွမ်းကျင်သူနဲ့ တိုင်ပင်လိုပါသည်။ မည်သည့်နေရာတွင်ရှိပါသနည်း။

• ပထမဦးစွာ အလုပ်ရှိဆွေးနွေးတိုင်ပင်ရန် ကောင်တာတွင် ကုမ္ပဏီအနီးအနားတွင် ကောင်းမွန်သော စိတ်ပိုင်းဆိုင်ရာ ကုသမှုဌာနနှင့် စိတ်ရောဂါကုဆေးရုံဆေးခန်းများရှိမရှိ
စုံစမ်း မေးမြန်းသင့်ပါသည်။ ထို့နောက် ကြိုတင်ဘိုကင်တင်ပေးဖို့ အကူအညီတောင်းခံပါ။ မိမိတိုင်းပြည်ရှိ တိုင်ပင်ဆွေးနွေးသောကောင်တာနှင့် ဆက်သွယ် ဆွေးနွေးခြင်းသည်လည်း ကောင်းမွန်ပေသည်။

• အနီးအနားတွင် စိတ်ရောဂါကုဆရာဝန်/ စိတ်ပိုင်းဆိုင်ရာ ရောဂါကုသဌာနများ မရှိခြင်း၊ ရှိပါသော်လည်း ကြိုတင်ဘိုကင်ယူ၍မရခြင်းများ ရှိခဲ့သော် မိမိသွားနေကြ ဆေးခန်းဆေးရုံကို သွား‌ရောက်တိုင်ပင်ပါ။ အထူးကုခံစားမှုဝေဒနာထံသို လွှဲပေးပါလိမ့်မည်။

• ထို့အပြင် တိုင်းနှင့်ပြည်နယ်အသီးသီးတွင် “ စိတ်ကျန်းမာရေး စောင့်ရှောက်ရေးနှင့် လူမှုဖူလုံရေးစင်တာ” ရှိပြီး၊ ကျွမ်းကျင်သော ဝန်ထမ်းများရှိသော စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးတိုင်ပင်ရန်ကောင်တာရှိပါသည် ( အခမဲ့ )

အသေးစိတ်သတင်းအချက်အလက်

ညပိုင်းနှင့် ပိတ်ရက် အရေးပေါ် စိတ်ရောဂါ ဆေးရုံဆေးခန်း ညွှန်ကြားရေးကောင်တာ(ဂျပန်ဘာသာ)
ညပိုင်းနှင့် ရုံးပိတ်ရက်များတွင် ဖွင့်လှစ်သော စိတ်ရောဂါ အရေးပေါ် ဆေးရုံးဆေးခန်းများကို မိတ်ဆက်ညွှန်ကြားပေးသော ကောင်တာများ၏ စာရင်းဖြစ်ပါသည်။

5. 9. စိတ်ကျန်းမာရေးအထူးကုနှင့် ပြသပါက ကုန်ကျငွေ မည်မျှရှိနိုင်ပါသနည်း?

• ကိုယ်ခန္ဓာဖျားနာချိန်တွင် ဆရာဝန် ပြသသော ကုန်ကျစရိတ်နဲ့ အတူတူခန့်ပင်ဖြစ်ပါသည်။ (➡ ၁-၁ ကိုကြည့်ပါ။)

• စိတ်ကျန်းမာရေး အထူးကုထံသွားပြီး၊ ကာလတစ်ခုအထိ ပုံမှန်ပြသရန်လိုအပ်ပါက တစ်ကြိမ်စီအတွက် ကျသင့်ငွေကို သက်သာစေမည့် စနစ်လည်းရှိပါသည်။ “ ကိုယ့်အားကိုယ်ကိုးရန် ထောက့်ပံ့မှု ဆေးကုသခြင်း ( စိတ်ကျန်းမာရေး ပြင်ပလူနာဌာနကုသမှု) လို့ခေါ်ပါတယ်။”

 မြို့နယ်အုပ်ချုပ်ရေးရုံးသို့သွားပြီး သက်ဆိုင်ရာကောင်တာတွင် ကျသင့်ငွေသက်သာစေရန် လုပ်ထုံးလုပ်နည်းများကို မေးမြန်းကြပါစို့။

5. 10. သူငယ်ချင်းထံမှ မူးယစ်ဆေးဝါးတွေ (စိတ်ကြွဆေး၊ ဆေးခြောက် စသည်) ကို သုံးစွဲရန် ဆွဲဆောင်ခံနေရပါသည်။ တစ်ကြိမ်လောက် စမ်းသပ်ကြည့်ချင်ပါသည်။ အန္တရာယ်ရှိပါသလား?

• စိတ်ကြွဆေးနှင့် ဆေးခြောက်အစရှိသည့် မူးယစ်ဆေးများကို အသုံးပြုခြင်းသည် ကိုယ်စိတ်နှစ်ခုစလုံးအပေါ် ဆိုးကျိုးသက်ရောက်မှုရှိသည်။ ပတ်ဝန်းကျင်ကလူများကလည်း သင့်အတွက် စိုးရိမ်ကြပါလိမ့်မယ်။ စူးစမ်းလိုစိတ် အနည်းငယ်ဖြင့် စတင်အသုံးပြုရာမှ ဆေးစွဲသွားသည့် ရောဂါရပြီး၊ မရပ်တန့်နိုင်တော့သူများ မြောက်မြားစွာ ရှိပါသည်။ ဆွဲဆောင်ခံရသောအခါ အနည်းငယ်ပင်တွေဝေမှုကို ပြသပါက နောက်ထပ်ဆွဲဆောင်ခံရပေမည်။ ဆွဲဆောင်ခံရသောအခါ “ ပြတ်ပြတ်သားသား” ငြင်းဆိုဖို့ အလွန်အရေးကြီးပါသည်။ ငြင်းဆိုရန် ခက်ခဲပါက ထိုနေရာမှ ရှောင်ထွက်သွားကြပါစို့။ ရှောင်ရှားထွက်ပြေးခြင်းသည်လည်း သတ္တိတစ်မျိုးပင်ဖြစ်သည်။

• စိတ်ကြွဆေးနှင့် ဆေးခြောက်အစရှိသည့် မူးယစ်ဆေးဝါးများကို အသုံးပြုပါက ဂျပန်ဥပဒေအရ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရနိုင်သည်။ ပြစ်ဒဏ်အနေနဲ့ အလုပ်ထုတ်ခံရခြင်းလည်းရှိပါသည်။ အကယ်၍ သုံးစွဲမိပါက မိမိတစ်ဦးတည်း ရပ်တန့်ရန်မှာ လွန်စွာခက်ခဲ၍ ပညာရှင်များနှင့် တိုင်ပင်ပါ။ သုံးစွဲရန် တိုက်တွန်းခံရပြီး တွေဝေနေချိန် သို့မဟုတ် သုံးစွဲကြည့်မိပြီးနောက်တွင်လည်း ချက်ခြင်းတိုင်ပင် ဆွေးနွေးကြပါစို့။

5. 11. အရက်ကို ကြိုက်နှစ်သက်ပါတယ်။ ကားမမောင်းမီ၊ အလုပ်မလုပ်မီတွင် အရက်အနည်းငယ်သောက်ရုံမျှဖြင့် မည်သူမှမသိနိုင်လို့ ပြဿနာမရှိဘူးလို့ထင်ပေမယ့် မရဘူးလား?

• အလုပ်မလုပ်ခင်နှင့် အလုပ်ချိန်အတွင်းတွင် အရက်သောက်ခြင်းသည် အလွန်အန္တရာယ်များပါသည်။ စက်ယန္တရားမောင်းနှင်ချိန်တွင် အမှားပြုလုပ်ခြင်း
စသည့် မိမိနှင့် ပတ်ဝန်းကျင်မှ သူများကို အလွယ်တကူ
ဒုက္ခပေးနိုင်ပါသည်။ ထို့အပြင် အရက်သောက်ပြီး​ စိတ်ထဲထင်ရာ အထိမ်းအသိမ်းမရှိ ပြောဆိုခြင်းဖြင့်၊
ပတ်ဝန်းကျင်မှ လူများအား စိတ်အနှောင့်အယှက် ဖြစ်စေခြင်းနှင့် မိမိအတွက်လည်း ဒုက္ခ ရောက်သွားစေနိုင်ပါသည်။

• ဂျပန်နိုင်ငံတွင် အသက် ၂၀မပြည့်သေးပါက မည်သည့်အရက်မျိုးကိုမဆို မသောက်သုံးရန် ဥပဒေအရ တားမြစ်ထားသည်။ ထို့အပြင် အရက်နည်းနည်းပင်ဖြစ်စေ သောက်ထားလျှင်၊ မည်သည့်ယာဥ်ကိုမျှ မောင်းနှင်ခြင်းပြု၍မရပါ။ စက်ဘီးစီးခြင်းပင်လျှင် ဥပဒေကို ချိုးဖောက်ရာ ရောက်ပါသည်။

• Iအရက်သောက်ထားသူအား ကားငှားခြင်း၊ ကားမောင်းမည်ကိုသိလျှက်နှင့် အရက်တိုက်ခြင်း၊ အရက်သောက်သုံးထားသူ မောင်းနှင်သည့်ကားကို စီးနင်းလိုက်ပါခြင်းများကိုလည်း ဥပဒေအရလည်း တားမြစ်ထားပါသည်။ အရက်သောက်ပြီး ကားမောင်းပါက ယာဉ်မောင်းလိုင်စင်ကို ဖျက်သိမ်းခံရခြင်း၊ အလုပ်ထုတ်ခံရခြင်းများ ရှိနိုင်ပါသည်။

• အရက်အလွန်အကျွံသောက်သုံးခြင်းသည် ကိုယ်စိတ်နှစ်ခုစလုံးအတွက် ဆိုးကျိုးများ သက်ရောက်မှု ရှိပါသည်။